အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်စေမယ့် COVID-19 စပါယ်ရှယ်မီနူး
အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်စေမယ့် COVID-19 စပါယ်ရှယ်မီနူး
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အစားအစာအာဟာရဆိုင်ရာအချက်များ
COVID-19 ကာလမှာ လိုက်နာရမယ့်အချက်တွေဖြစ်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်လိုက်တဲ့ အစားအစာအာဟာရဆိုင်ရာအချက်တွေကတော့
- သန့်ရှင်းလတ်ဆတ်တဲ့ သဘာဝအစားအစာတွေကို နေ့စဥ်စားသုံးပေးရပါမယ်။
- ရေကိုလုံလောက်စွာ နေ့စဥ်သောက်သုံးပါ။
- ဆီနဲ့အဆီတွေကို ချင့်ချိန်စားသုံးပါ။
- ဆားနဲ့သကြားကို လျှော့စားရပါမယ်။
- ဆိုင်မှာ သွားရောက်စားသောက်တာကို တတ်နိုင်သမျှ ရှောင်ကြဥ်ပါ။
ဒီလိုအချက်တွေဟာ COVID-19 ကာလမှာ လိုက်နာဖို့ အရေးကြီးပြီး လူတိုင်းကို ကျန်းကျန်းမာမာဖြစ်စေမယ့် အချက်တွေလည်း ဖြစ်ပါတယ်။
၁။ သန့်ရှင်းလတ်ဆတ်တဲ့ သဘာဝအစားအစာ
အစာအုပ်စု (၃) စုလုံးကို ပြည့်ပြည့်စုံစုံ စားဖို့ လိုပါတယ်။ သဘာဝအတိုင်း သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဥ်စားသုံးပေးဖို့ လိုပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်တဲ့အတွက် ရောဂါမျိုးစုံကိုကာကွယ်စေပြီး ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။
ရိုးရှင်းတဲ့ မီနူးကတော့ အားအင်ဖြစ်ထွန်းစေတဲ့ ကစီဓါတ်ရရှိဖို့ ဆန်၊ ဂျုံ၊ ပြောင်း (ဥပမာ – ထမင်း)၊ ခန္ဓာကိုယ် ဖွံ့ဖြိုးစေဖို့ အသားဟင်း၊ ငါးဟင်း၊ ဥအမျိုးမျိုး ဒါမှမဟုတ် ပဲဟင်း၊ ရောဂါကာကွယ်စေဖို့ ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ကြော် ဒါမှမဟုတ် ဟင်းချိုပဲ ဖြစ်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံအမျိုးမျိုးကို နေ့စဥ် စားပေးရပါမယ်။ အချိုပွဲ ဒါမှမဟုတ် သရေစာအနေနဲ့ အသင့်စားမုန့်တွေအစား လတ်ဆတ်တဲ့ သစ်သီးတွေ ဥပမာ – ငှက်ပျောသီး၊ သရက်သီးမှည့်၊ လိမ္မော်သီး၊ ပန်းသစ်တော်သီး၊ ပန်းသီး၊ စပျစ်သီး စတာတွေ စားပေးရပါမယ်။
ထမင်းနဲ့အတူ ဟင်းသီးဟင်းရွက်မျိုးစုံ (ဥပမာ – ကန်စွန်းရွက်ကြော်၊ ချဥ်ပေါင်ရွက်ကြော်၊ မုန်ညင်းကြော်၊ ကိုက်လန်ကြော်) စတာတွေကို နေ့စဥ်စားပေးရပါမယ်။ အသီးတစ်မျိုးမျိုးကို နေ့စဥ်စားပေးရပါမယ်။ အသား၊ ငါး၊ ဥအမျိုးမျိုး ဒါမှမဟုတ် ပဲအမျိုးမျိုးစတဲ့အထဲက တစ်ခုခုကို နေ့စဥ် ထည့်သွင်းစားသောက်ရပါမယ်။ အသင့်စား အစားအစားတွေ (ဥပမာ- ခေါက်ဆွဲခြောက်ထုပ်၊ အာလူးကြော်ထုပ်) ရှောင်ပေးရပါမယ်။
၂။ ရေ လုံလုံလောက်လောက်သောက်ပါ
နေ့စဥ် ရေကို ဖန်ခွက် ၈ ဖန်ခွက်လောက် အနည်းဆုံးသောက်ပေးရပါမယ်လို့ ညွှန်ကြားထားပါတယ်။ ဒီပမာဏက အနည်းဆုံး ရေ ၂ လီတာလောက် ရှိပါတယ်။ ချွေးထွက်များရင် ပိုသောက်ပေးရမှာဖြစ်ပြီး ရေဓါတ်ကြွယ်ဝတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်နဲ့ သဘာဝသစ်သီးဖျော်ရည်တွေလည်း သောက်ပေးနိုင်ပါတယ်။ ရေဓါတ်ခန်းခြောက်စေတဲ့ လက်ဖက်ရည်၊ ကော်ဖီနဲ့ အရက်၊ ဘီယာသောက်သုံးတာကို ရှောင်ကြဥ်သင့်ပါတယ်။
၃။ ကျန်းမာတဲ့ဆီနဲ့ အဆီကို ရွေးပါ
ဟင်းချက်တဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီတွေဖြစ်တဲ့ မြေပဲဆီ၊ နှမ်းဆီ၊ ပဲပုပ်ဆီ၊ နေကြာဆီ၊ သံလွင်ဆီ စတာတွေကို အသုံးပြုပြီး ချက်ပြုတ်သင့်ပါတယ်။ တိရစ္ဆာန်ကရတဲ့အဆီ ဥပမာ – ဝက်ဆီ၊ အမဲဆီ စတာတွေရှောင်သင့်ပြီး စားအုန်းဆီနဲ့ နှစ်ပြန်ကြော်အဆီတွေကို ရှောင်သင့်ပါတယ်။
၄။ ဆားနဲ့သကြားကို လျှော့ပါ
ဆားဓါတ်ဖြစ်တဲ့ ဆိုဒီယမ်ဓါတ်ဟာ လွန်ကဲရင် ဘေးဥပါဒ်ဖြစ်စေနိုင်ပါတယ်။ လူတစ်ဦးဟာ တစ်နေ့ကို ဆားဓါတ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းထက် ပိုမစားသင့်လို့ ညွှန်ကြားထားပါတယ်။ ဆိုဒီယမ်ပါဝင်မှုများတဲ့ ငါးငံပြာရည်၊ အချိုမှုန့်၊ ပဲငံပြာရည်ကို ရှောင်ပါ။ သကြားပါဝင်မှုများခြင်းက ဆီးချိုရောဂါကို ပိုဖြစ်စေနိုင်ပြီး နောက်ဆက်တွဲရောဂါပြဿနာတွေ ခံစားရစေနိုင်ပါတယ်။ ဆီးချိုနဲ့ သွေးတိုးရောဂါ စတဲ့ နာတာရှည်ရောဂါတွေက COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုကို မြင့်တက်စေတဲ့အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ သကြားပါဝင်မှုများတဲ့ အချိုမုန့်တွေဖြစ်တဲ့ ကိတ်တွေ၊ အသင့်သောက် ဖျော်ရည်ဘူးတွေကို ရှောင်ကြဥ်သင့်ပါတယ်။
၅။ စားသောက်ဆိုင်မှာ သွားရောက်စားသောက်ခြင်း ရှောင်ပါ
လက်ရှိကာလမှာ စားသောက်ဆိုင်တော်တော်များများ ပြန်ဖွင့်နေပြီ ဖြစ်တဲ့အတွက် ဆိုင်မှာ သွားစားချင်တဲ့ အာသီသ ပြင်းပြနေတတ်ပါတယ်။ ဒါပေမယ့် လူတစ်ဦးနဲ့တစ်ဦး နီးစပ်ထိတွေ့တာက မမြင်ရတဲ့ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကို ပိုမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် ဆိုင်မှာ ထိုင်စားတာထက် ပါဆယ်ဝယ်ဖို့ အကြံပြုထားပါတယ်။ ဆိုင်မှာ မလွဲသာမရှောင်သာစားရမယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး အနည်းဆုံး ၆ ပေ (၂ မီတာ) ခွာသင့်ပါတယ်။ မစားခင်မှာလည်း လက်ဆေးဖို့နဲ့ စားပြီးတဲ့အခါမှာလည်း ထပ်လက်ဆေးဖို့ အရေးကြီးပါသေးတယ်။
ဒီလို အာဟာရဆိုင်ရာအချက်တွေအပြင် နေ့စဥ် ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက လူတိုင်းကို ကျန်းမာသွက်လက်စေပြီး မိသားစု၊ အပေါင်းအသင်းတွေနဲ့ နေ့စဥ်ဆက်သွယ်နေတာကလည်း COVID-19 ကာလမှာ စိတ်ခွန်အားကို တိုးတက်စေနိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ ဆေးလိပ်၊ အရက်ဘီယာနဲ့ ကွမ်းစားခြင်းကိုလည်း ရှောင်ကြဥ်ဖို့ အရေးကြီးပါတယ်။
အခုဖော်ပြခဲ့တာတွေကတော့ COVID-19 ကာလ နေ့စဥ် ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားသောက်နေထိုင်စေနိုင်ဖို့ လမ်းညွှန်ချက်တွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူတိုင်း ကျန်းကျန်းမာမာနဲ့ COVID-19 ရောဂါကပ်ဆိုးကြီးကို ဖြတ်ကျော်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။
ဒေါက်တာကောင်း (ဆေး-၂)
ဤဆောင်းပါးအား Ondoctor. မွ ကူးယူဖော်ပြသည်။
Comments
Post a Comment
ဝေဖန်အကြံပြုချက်များ ရေးသားခဲ့နိုင်ပါသည်